ပုဂ္ဂလိကကဏ္ဍနှင့် FLEGT VPA စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းအလုပ်ရုံဆွေးနွေးပွဲ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) နှင့် ဥရောပသမဂ္ဂ (European Commission) တို့ပူးပေါင်းပြီး Forest Law Enforcement, Governance and Trade (FLEGT) Voluntary Partnership Agreement (VPA) သစ်တောဥပဒေစိုးမိုးမှု၊ စီမံအုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ ဆန္ဒအလျောက် မိတ်ဖက်အဖြစ် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိရာ အကျိုးဆက်စပ်ပတ်သက်သူများတွင် ပါဝင်သည့် ပုဂ္ဂလိကကဏ္ဍနှင့် FLEGT VPA စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ က ရန်ကုန်မြို့ရှိ Summit Park View ဟိုတယ်၌ ကျင်းပပြုလုပ်ရာ စုစုပေါင်း ၂၄ ဦး တက်ရောက်ခဲ့ကြပါသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းမှာ ပုဂ္ဂလိကကဏ္ဍ၏ အမြင်များကို စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းဖြင့် နားလည်သဘောပေါက်စေရန်၊ စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်း၏ စိန်ခေါ်မှုများနှင့် အောင်မြင်မှုအတွေ့အကြုံများကို မျှဝေရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့သို့ ထောက်ခံချက်ပေးရန်တို့ဖြစ်ကြပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပုဂ္ဂလိကကဏ္ဍအတွက် စိန်ခေါ်မှုများနှင့် ပြင်ပအကူအညီဖြင့်ကျော်လွှားရမည့် အခက်အခဲများကို ဆွေးနွေးကြပါသည်။ ထို့အပြင် မည်သည့်အကြောင်းအရာများကို စတင်အကောင်အထည်ဖော်နိုင်ပြီး လိုအပ်ချက်များကို ဖော်ထုတ်ကြပါသည်။