RECOFTC Myanmar
News

အစုအဖွဲ့ပိုင်သစ်တောက ကျေးရွာဥယျာဉ်ခြံတွေမီးဘေးအန္တရာယ်မှကာကွယ်ပေး

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာတွင် အစုအဖွဲ့ပိုင်သစ်တောစတင်တည်ထောင်တဲ့ချိန်ကစပြီး ကျေးရွာ ဥယျာဉ်ခြံတွေတောမီးလောင်မှု မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အစုအဖွဲ့ပိုင်သစ်တော ဧက ၂၄၀၀ ကျော်ရှိပြီး ယင်းသစ်တောတွေက ဥယျာဉ်ခြံတွေကို ပတ်လည်ကာကွယ်ပေးထားပါတယ်။ အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခွင့်ရရှိပါက နှစ် (၃၀) မြေအသုံးချပိုင်ခွင့်ရရှိခြင်း၊ ဒေသခံများကိုယ်တိုင် သစ်တောနဲ့ သစ်တောမြေများကို စီမံအုပ်ချုပ်နိုင်ခြင်း၊ သစ်တော ထွက်ပစ္စည်းများ တရားဝင် အသုံးပြု၊ ရောင်းချနိုင်ခြင်း၊ သားစဉ်မြေးဆက် လွဲပြောင်းပေးနိုင် ပါတယ်။

အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ခွင့်ရှိသူတွေကတော့ သစ်တောကို မှီခိုသူ၊ စိတ်ဝင်စားသူ ၊ တိုက်ရိုက်အကျိုးခံစားခွင့် ရသူ၊ သစ်တောများအတွင်း  (သို့) ၅ မိုင်ပတ်လည်အတွင်း ၅ နှစ် တစပ်ဆက်တည်း အခြေချနေထိုင်သူတွေဖြစ်ရပါမယ်။

ကော့လှိုင်ကျေးရွာမှာ ကွမ်းနဲ့သံပုရာစိုက်ပျိုးတဲ့ အစုအဖွဲ့ပိုင်သစ်တောအဖွဲ့ဝင် ကိုကိုဦးက “မီးမလာတော့စိတ်အေးရတာပေါ့။ အားလုံးက နွေရာသီမှာမီးလောင်မှာစိတ်ပူကြတယ်။ မီးလာပြီဆိုရင် အနှစ်နှစ်လုပ်ထားတဲ့ ဥယျာဉ်တွေ ဆုံးရှုံးကုန်တာပေါ့။ ပြီးတော့ ရေကိုလည်းကာကွယ်ပေးတာပေါ့” လို့ပြောပါတယ်။

ကော့လှိုင်ကျေးရွာမှာ အိမ်ခြေ ၉၂ အိမ်ရှိပြီး ရွာသားအားလုံးဟာ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။ ၎င်းတို့ထဲမှာ အစုအဖွဲ့ပိုင်သစ်တောအဖွဲ့ဝင်က (၄၇)ဦးသာရှိပါတယ်။

Community User Groups Watch their forests


အပြာရောင်က ရွက်အုပ်ပိတ်တော၊ ကြက်သွေးရောင်က ရွက်အုပ်ပွင့်တောဖြစ်ပါတယ်။ ရွက်အုပ်ပိတ်တော နည်းလာတာနဲ့အမျှ ရွက်အုပ်ပွင့်တောတွေမြင့်လာတာတွေ့နိုင်ပါတယ်။
ကော့လှိုင်အစုအဖွဲ့ပိုင်သစ်တောဟာ ၂၀၁၇ ခုနှစ်မှာ အင်ဂျီအိုအဖွဲ့တစ်ခုဖြစ်တဲ့ RECOFTC ရဲ့စည်းရုံးလှုံဆော်မှုဖြင့် အစိုးရခွင့်ပြုချက်လက်မှတ်ရရှိထားပြီး အစုဖွဲ့ပိုင်သစ်တော မတည်ခင်ချိန်မှာတော့ နွေရာသီကာလမှာ ဥယျာဉ်ခြံတွေတောမီးလောင်ဘေးကို စိတ်ပူနေကြပါတယ်။ ဒီနှစ် သြင်္ကန်ကာလမှာ မီးကူးလာတာကြောင့် အစုအဖွဲ့ပိုင်သစ်တော ၄ ပုံ ၁ ပုံမီးလောင်သွားပါတယ်။

အစ်ကိုစစ်တပ်ထွက်တစ်ဦးခေါ်လာတာကြောင့် အညာဒေသကနေ ကော့လှိုင်ရွာကိုရောက်ရှိလာပြီး ပရိဘောဂလုပ်ငန်းနဲ့ အသက်မွေးတဲ့ ဒေါ်ယဉ်ယဉ်နုက “လောလောဆယ်ကတော့ အဖွဲ့အစည်းတွက်တော့ အကျိုးကျေးဇူးမရှိသေးဘူး။ ဒါပေမယ့် ရွာသားတွေတွက် လောလောဆယ်အကျိုးကျေးဇူးကတော့ မီးပေါ့။ မီးထိန်းသိမ်းပြီးသားဖြစ်တယ်။ တောက အနောက်ကနေ ပတ်ထားတာကိုး။ အဖွဲ့ဝင်တွေက မီးတားလမ်းလုပ်တော့ သူတို့ခြံမှာ မီးမလာတော့ဘူး။ နှစ်တိုင်းဆို ခြံရှင်တွေက မီးဘေးကို တကယ့်ကိုကြောက်ရတယ်။ ကျနော်တို့အဖွဲ့စကိုင်တဲ့ချိန် ၃ နှစ်ကစပြီး မီးမလောင်တော့ဘူး။ ဒီနှစ်က အစပ်လောက်ပဲလောင်တယ်” လို့ပြောပါတယ်။

RECOFTC အဖွဲ့ဦးဆောင်မှုဖြစ် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်မှာ ကျေးရွာ (၈)ရွာမှာ အစုအဖွဲ့ပိုင်သစ်တော ဧက ၆၆၆၄ ရှိပါတယ်။ RECOFTC နဲ့ဒေသခံတို့ပူးပေါင်းကာ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာမှာလည်း ဧက ၁၅၀၀ ကျော်ကို အစုဖွဲ့ပိုင်သစ်တောအဖြစ် ၂၀၁၅ ခုနှစ်မှာစတင်တည်ထောင်ပါတယ်။

Forests User Groups


မြန်မာက ကမ္ဘာမှာ တတိယသစ်တောပြုန်းတီးမှုအမြင့်ဆုံးနိုင်ငံဖြစ်ပါတယ်။
မြန်မာနိုင်ငံ အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်းအရ ၂၀၀၁ ခုနှစ်မှာ ၂၀၃၀ ခုနှစ်အထိ အစုအဖွဲ့ပိုင်သစ်တောဖွဲ့စည်းဖို့လျာထားချက်က ၂ ဒသမ ၂၇ မီလျံဧကဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ ၁၇ နှစ်မှာ အစုအဖွဲ့ပိုင်သစ်တော ၅၄၆,၅၂၁ ဧက (၂၄ ရာခိုင်နှုန်း)ထိသာ အကောင်အထည်ဖော်နိုင်ပြီး ၇၆ ရာခိုင်နှုန်းကျန်ရှိပါတယ်။

အစုအဖွဲ့ပိုင်သစ်တောတည်ထောင်ဖို့ဆောင်ရွက်ရမယ့် အချက်တွေကတော့ (၁) အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်းဆိုင်ရာ သတင်းအချက် အလက်များ လက်ခံရယူခြင်း၊ (၂) စိတ်ပါဝင်စားသူ ဒေသခံပြည်သူများမှ အသုံးပြုသူများ ဖွဲ့စည်းခြင်း၊ (၃) အသုံးပြုသူများအဖွဲ့မှ စီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်းခြင်း၊ (၄) အသုံးပြုသူအဖွဲ့မှ သစ်တောဝန်ထမ်းများနှင့် အတူ မြေနေရာ ရွေးချယ် ခြင်း၊ တိုင်းတာခြင်းများပြုလုပ်ခြင်း၊ (၅) အသုံးပြုသူများအဖွဲ့၏ ဥက္ကဌ မှ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ရန် လျှောက်ထားခြင်း၊ (၆) အသုံးပြုသူများ အဖွဲ့မှ အုပ်ချုပ်လုပ်ကိုင်မူ စီမံချက်ရေးဆွဲခြင်းနှင့် ခရိုင်သစ်တော အရာရှိထံတင်ပြခြင်း၊ (၇) အသုံးပြုသူများအဖွဲ့မှ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခွင့် လတ်မှတ် လက်ခံရရှိခြင်း၊ (၈) အသုံးပြုသူများအဖွဲ့မှ အုပ်ချုပ်လုပ်ကိုင်မူ စီမံချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ (၉) အသုံးပြုသူများအဖွဲ့အနေဖြင့် သစ်တောထွက်ပစ္စည်းနှင့် သာယာကောင်းမွန်သော ပတ်ဝန်းကျင်အခြေအနေကို ရရှိခံစားနိုင်ခြင်း တို့ဖြစ်ပါတယ်။