RECOFTC Myanmar
News

အစုအဖွဲ့ပိုင် ဒီရေတော ထိန်းသိမ်းခွင့်ရသဖြင့် ဒေသခံများ စီးပွားရေး အကျိုးရှိနေ

တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကညင်ချောင်းကျေးရွာမှာ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် ဒီရေတောကို ထိန်းသိမ်းခွင့်ရလို့ ဒေသခံ စီးပွားရေး အထောက်အကူကောင်းနဲ့ အဆင်ပြေနေတယ်လို့ အစုအဖွဲ့ပိုင်လုပ်ငန်း အဖွဲ့ဝင်တဦးက ပြောပါတယ်။

“စတာကတာ့ သိပ်လည်းမကြာသေးဘူး၊ ဒီရေတောနဲ့ပါတ်သက်ပြီး ဒီရေတောကထွက်တဲ့ ဂဏန်း၊ ပုဇွန်တွေက ဒေသခံတွေအတွက် အကျိုးရှိနေပြီး ဒေသခံတွေအတွက် တနှစ်ကို ဂဏန်းတမျိုးတည်းက သိန်းရာချီ ဝင်ငွေရနေသလို သဘာဝဘေးကြောင့်ဖြစ်တဲ့ မုန်တိုင်းဒဏ်တွေ သက်သာစေတယ်” လို့ ဒေသခံ ဦးဟာရီ ကပြောပါတယ်။

သရက်ချောင်း မြို့နယ် ကညင်ချောင်းကျေးရွာ အနီးက ဒေသခံပြည်သူ အစုအဖွဲ့ပိုင် ဒီရောတော ၅၀၈ ဧကရှိနေပြီး အသုံးပြုသူများအဖွဲ့ ၂၆၉ ဦး ထိန်းသိမ်းစောင့်ရှောက်ထားတာ ဖြစ်ပြီး သရက်ချောင်း မြို့နယ်အတွင်း အစုအဖွဲ့ပိုင် ဒီရေတောများ ထူထောင်ဖို့ အစ်အစ် ကျေးရွာ၊ အောက်သရက်ချောင်းနဲ့ သရက်တောင်ကြီး ကျေးရွာတွေမှာလည်း လျှောက်ထားနေကြတယ်လို့ သိရပါတယ်။

သစ်တောဦးစီးဌာနမှ သစ်တောအုပ် ဦးလှိုင်လှိုင်ဝင်းကတော့ “လုပ်ရတာ ဒီရေတော ထိန်းသိမ်းတဲ့ အဖွဲ့တွေက ပိုပြီးလွယ်ကူသလို တောင်ပေါ်တောတွေကို ထိန်းသိမ်းတာထက် အကျိုးအမြတ်ကလည်း ပိုရတယ်။ အပင်တင်မဟုတ်ဘူး ဒီရေတောမှာရှိတဲ့ ပုစွန်တွေ၊ ဂဏန်းတွေ သင်ပေါင်းပိုးတွေကိုလည်း ထုတ်လို့ရသလို တောင်ပေါ်တောမှာက သစ်ဝါးပဲ ရစရာရှိတယ်လေ၊ အဲဒီတော့ အကျိုးအမြတ် ပိုရှိတယ်။ ဒီရေတောတွေ အဓိက ပြုန်းရတဲ့အကြောင်းက မီးသွေးဖုတ်လို့ ဖြစ်တာ” လို့ ပြောပါတယ်။

နိုင်ငံတော် အစိုးရစီမံကိန်းအနေနဲ့ အစုအဖွဲ့ပိုင်သစ်တောတွေ ပေါ်ထွန်းလာရေးအတွက် ၂၀၀၁/၀၂ မှ ၂၀၃၀/၃၁ အထိ ဧကနှစ်သန်းကျော် လျာထားခဲ့ပြီး အခုအချိန်မှာ ရည်ရွယ်ချက်ရဲ့ ၂၄ ရာခိုင်းနှုန်းသာ ပြီးမြောက်နေပြီး ၂၀၁၉မှ ၂၀၃၀ အတွင်း ၇၆ ရာခိုင်နှုန်းကို ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

ကိုလင်း(ချောက်)