အပူချိန်လျော့ချရေးအတွက် ချောက်မြို့တွင် ပျိုးပင် ၁ သောင်း စိုက်ပျိုးမည်

ချောက်မြို့နယ် အပူချိန်လျော့ချရေးကော်မတီကို ဇွန်လ ၁၅ ရက်နေ့က ပေးအပ်ခဲ့တာဖြစ်ပြီး တစ်နှစ်သားကနေ သုံးနှစ်သားအရွယ်ရှိတဲ့ ပျိုးပင် ၈ မျိုးပေးအပ်ခဲ့တာလို့ အပူပိုင်းစိမ်းလန်းစိုပြေရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစွန်ထွေးက ပြောပါတယ်။
“ဒီအပင် ၁ သောင်းလွှဲပြောင်း ပေးအပ်တယ်ဆိုတာက ချောက်အပူချိန် တကယ်လည်း လျှော့ချချင်တာ၊ တကယ်လည်း ဒီကအဖွဲ့တွေက လိုလိုလားလားစိုက်ပျိုးချင်တာ၊ ရှင်သန်အောင်လည်း စိုက်ဖို့ စိတ်လည်းရှိလို့။ အပင်တစ်သောင်းပေးတယ်ဆိုတာ ဘယ်မှမရှိခဲ့ဘူး၊ ဌာနကနေ အလွန်ဆုံးပေး လေးရာ၊ ငါးရာပါပဲ။ တက္ကသိုလ်ကြီးတွေ စိုက်တာတောင် နှစ်ထောင်သုံးထောင်ပဲ ပေးတာရှိပါတယ်။”
ချောက်မြိုနယ် အပူချိန်လျှော့ချရေး ကော်မတီကို အခုနှစ်အပူချိန် မြင့်တက်လာပြီး မေလ ၉ ရက်နေ့က ဒေသခံအသင်းအဖွဲ့ ပေါင်းစုံနှင့် စတင်ဖွဲစည်းခဲ့တာပါ။
ကော်မတီနဲ့အတူ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင် နှစ် ၁၀၀ ပြည့် အကြိုအဖြစ် သစ်ပင်စိုက်ပွဲကို ဇွန် ၁၈ ရက်နေ့မှာ စိုက်ပျိုးသွားမယ်လို့ ဦးဆောင်ကော်မတီမှ ဦးမင်းနိုင်က ဒီဗွီဘီ ကို ပြောပါတယ်။
“စိုက်ကွင်းနေရာကို သုံးနေရာရွေးချယ်ထားတာ။ အမှတ် ၁ ရပ်ကွက် ရှစ်မျက်နှာဘုရားကုန်း စိုက်ခင်း ၁ မှာက ဒေသခံပြည်သူ အဖွဲ့အစည်းအားလုံးအင်အားနဲ့ သစ်ပင်ကျင်း ငါးထောင်တူးပြီး နှုန်းမြေ နွာချေးထည့် ဆောင်ရွက်နေပြီး ရေလောင်းဖို့လည်း ပိုက်လိုင်းတွေ သွယ်တန်းထားတယ်။ စိုက်ခင်း ၂ အမှတ် ၁၀ အေးစေတီရပ် ရွှေတိဂုံပုံတူ ဘုရားနားမှာလည်း အပင်ငါးထောင် ရည်ရွယ်ထားတာ၊ တစ်ထောင်တူးပြီးနေပြီ။ စိုက်ခင်း ၃ နေရာကိုတော့ မစရသေးဘူး၊ အလှူငွေလည်း လိုနေသေးတော့ ရရှိလာတဲ့ ငွေပေါ်မူတည်ပြီး ဖြည့်စွက်ဆောင်ရွက်သွားမှာ။”
ချောက်မြို့ရဲ့ အပူချိန်ဟာ ပြီးခဲ့တဲ့ မေ ၉ ရက်နေ့ တိုင်းတာချက်မှာ အမြင်ဆုံးစံချိန်သစ် ၄၇.၁ ကို ရောက်ရှိခဲ့ပြီးနောက် အပူရှိန်ကြောင့်ဖြစ်တဲ့ heat stroke ရောဂါကြောင့် သေဆုံးသူ သုံးဦးရှိခဲ့ပါတယ်။ အပူရှောင်စခန်းတွေနဲ့ အပူသက်သာစေရေး အခမဲ့ရေချိုးစခန်းတွေ ကိုလည်း ဖွင့်လှစ်ပေးခဲ့ရပါတယ်။