RECOFTC မြန်မာ
သတင်းများ

အပူချိန်လျော့ချရေးအတွက် ချောက်မြို့တွင် ပျိုးပင် ၁ သောင်း စိုက်ပျိုးမည်

အခုနှစ်နွေရာသီမှာ အပူချိန် မြင့်တက်ခဲ့တဲ့ မကွေးတိုင်း ချောက်မြို့နယ်မှာ စိုက်ပျိုးဖို့အတွက် အပူပိုင်း စိမ်းလန်း စိုပြေရေးဦးစီးဌာနက ဒေသနဲ့ ကိုက်ညီတဲ့ ပျိုးပင် ၁ သောင်းပေးအပ်ခဲ့ပါတယ်။

ချောက်မြို့နယ် အပူချိန်လျော့ချရေးကော်မတီကို ဇွန်လ ၁၅ ရက်နေ့က ပေးအပ်ခဲ့တာဖြစ်ပြီး တစ်နှစ်သားကနေ သုံးနှစ်သားအရွယ်ရှိတဲ့ ပျိုးပင် ၈ မျိုးပေးအပ်ခဲ့တာလို့ အပူပိုင်းစိမ်းလန်းစိုပြေရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစွန်ထွေးက ပြောပါတယ်။

“ဒီအပင် ၁ သောင်းလွှဲပြောင်း ပေးအပ်တယ်ဆိုတာက ချောက်အပူချိန် တကယ်လည်း လျှော့ချချင်တာ၊ တကယ်လည်း ဒီကအဖွဲ့တွေက လိုလိုလားလားစိုက်ပျိုးချင်တာ၊ ရှင်သန်အောင်လည်း စိုက်ဖို့ စိတ်လည်းရှိလို့။ အပင်တစ်သောင်းပေးတယ်ဆိုတာ ဘယ်မှမရှိခဲ့ဘူး၊ ဌာနကနေ အလွန်ဆုံးပေး လေးရာ၊ ငါးရာပါပဲ။ တက္ကသိုလ်ကြီးတွေ စိုက်တာတောင် နှစ်ထောင်သုံးထောင်ပဲ ပေးတာရှိပါတယ်။”

ချောက်မြိုနယ် အပူချိန်လျှော့ချရေး ကော်မတီကို အခုနှစ်အပူချိန် မြင့်တက်လာပြီး မေလ ၉ ရက်နေ့က ဒေသခံအသင်းအဖွဲ့ ပေါင်းစုံနှင့် စတင်ဖွဲစည်းခဲ့တာပါ။

ကော်မတီနဲ့အတူ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင် နှစ် ၁၀၀ ပြည့် အကြိုအဖြစ် သစ်ပင်စိုက်ပွဲကို ဇွန် ၁၈ ရက်နေ့မှာ စိုက်ပျိုးသွားမယ်လို့ ဦးဆောင်ကော်မတီမှ ဦးမင်းနိုင်က ဒီဗွီဘီ ကို ပြောပါတယ်။

“စိုက်ကွင်းနေရာကို သုံးနေရာရွေးချယ်ထားတာ။ အမှတ် ၁ ရပ်ကွက် ရှစ်မျက်နှာဘုရားကုန်း စိုက်ခင်း ၁ မှာက ​ဒေသခံပြည်​သူ အဖွဲ့အစည်းအားလုံးအင်​အားနဲ့ သစ်ပင်ကျင်း ငါးထောင်တူးပြီး နှုန်းမြေ နွာချေးထည့် ဆောင်ရွက်နေပြီး ရေလောင်းဖို့လည်း ပိုက်လိုင်းတွေ သွယ်တန်းထားတယ်။ စိုက်ခင်း ၂ အမှတ် ၁၀ အေးစေတီရပ် ရွှေတိဂုံပုံတူ ဘုရားနားမှာလည်း အပင်ငါးထောင် ရည်ရွယ်ထားတာ၊ တစ်ထောင်တူးပြီးနေပြီ။ စိုက်ခင်း ၃ နေရာကိုတော့ မစရသေးဘူး၊ အလှူငွေလည်း လိုနေသေးတော့ ရရှိလာတဲ့ ငွေပေါ်မူတည်ပြီး ဖြည့်စွက်ဆောင်ရွက်သွားမှာ။”

ချောက်​မြို့ရဲ့ အပူချိန်​ဟာ ပြီးခဲ့တဲ့ ​မေ ၉ ရက်​​နေ့ တိုင်းတာချက်​မှာ အမြင်​ဆုံးစံချိန်​သစ်​ ၄၇.၁ ကို ​ရောက်​ရှိခဲ့ပြီး​နောက်​ အပူရှိန်​​ကြောင့်ဖြစ်​တဲ့ heat stroke ရောဂါကြောင့် ​သေဆုံးသူ သုံးဦးရှိခဲ့ပါတယ်။ အပူ​ရှောင်​စခန်းတွေနဲ့ အပူ​သက်​သာ​စေ​ရေး အခမဲ့​ရေချိုးစခန်းတွေ ကိုလည်း ဖွင့်လှစ်​​ပေးခဲ့ရပါတယ်။

 

Sources: http://burmese.dvb.no/archives/332372