RECOFTC မြန်မာ
ဆောင်းပါးများ

အမျိုးသမီးနှင့် ခေါင်းဆောင်မှု

11, September 2017
Tuangpi
သစ်တောကိုမှီခိုနေထိုင်ကြသည့် ဒေသခံပြည်သူများ၏ နိုင်ငံတကာပြောရေးဆိုခွင့်ရှိသူများ ညီလာခံသို့ သရချော၏ ခရီးစဉ်
Stories of Change
Ther chaw

သရချော သည် သူမ အင်္ဂလိပ်စာသင်ကြားပေး၍  သူမကိုယ်တိုင်ဦးဆောင်သည့် နှစ်ခြင်းသာသနာ့ ကျောင်း (Baptist Ministry’s Mission School) အနားသို့ တဖြည်းဖြည်းကပ်နေစဉ် အကွာအဝေးတခုမှ သူ့တပည့်များ၏ ဆူညံသံကို ကြားနေရသည်။ ကျောင်းနားနီးလာလေလေ သူ့ တပည့်များ၏ ပြေးလွှား ဆော့ကစားနေသံများကို ပိုမိုရှင်းလင်းစွာကြားရလေလေဖြစ်သည်။ စာသင်ခန်းအတွင်းသို့ ရောက်ရောက်ခြင်းမှာပင် လနှင့် ချီပြီးမတွေ့တာကြာပြီဖြစ်သည့် သူတို့ဆရာမကို ကျောင်းသား/သူကလေးငယ်များက“ဆရာမ! ဆရာမ!” ဟုအော်ဟစ်ပြီး သူမထံပြေးလာကြလေသည်။ ကျောင်းသား/သူကလေးများက ဆရာမ သရေချောကို ယခုလိုမျိုး နေ့စဉ် ဖြူစင်နွေးထွေးသောအပြုံးများဖြင့်ပွေ့ဖက်ကြိုဆိုလေ့ရှိပါသည်။ 

သရ သည် လေရှီးမြို့  နှစ်ခြင်းသာသနာ (Baptist Ministry) တွင် ကောလိပ်ကျောင်းသူဘဝကတည်းက တက်ကြွစွာဖြင့် စေတနာ့ ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ လေရှီးမြို့နယ်အနီးတစ်ဝိုက်တွင်လည်း အသင်းတော်၏ သာသနာတော်ကို ဆောင်ရွက်ပေးရင်း  ဒေသခံကလေးငယ်များကို စာသင်ကြားပေးခြင်းဖြင့်သာ သူမအချိန်အများစုကို ကုန်ဆုံးခဲ့ပါသည်။

သရ သည် ကျောင်းဆရာနှင့် အိမ်ရှင်မတစ်ဦး၏ သမီးဖြစ်ပါသည်။ သူမတို့မိသားစုသည်  နာဂတိုင်းရင်းသားလူမျိုးများဖြစ်ပြီး လေရှီးမြို့တွင် ကြီးပြင်းခဲ့ပါသည်။ သူမ ကြီးပြင်းခဲ့သော လေရှီးမြို့သည် မကြာသေးမီ တည်ထောင်ခဲ့သည့် ရေအားလျှပ်စစ်မရှိခင်က ည ၇ နာရီမှ ၉ နာရီထိ နေ့စဉ် (၂) နာရီသာ မီးရရှိခဲ့လေသည်။ သရ ၏ ရိုးသားဖြောင့်မတ်မှု သနားကြင်နာမှု၊ ညဏ်ရည်ထက်မြက်မှုကြောင့် ဓ္ဓမပညာရပ်ဘာသာဖြင့် မဟာဘွဲ့ကို အိန္ဒိယနိုင်ငံမှ ရရှိခဲ့သည့်အပြင် ဒဿနိကဗေဒပညာကို ဒုတိယကောလိပ်ဒီဂရီအနေဖြင့် ထပ်မံ ရယူနိုင်ခဲ့ပါသည်။

“ဆရာမတို့ စာစသင်ရအောင် သားတို့/ သမီးတို့ ကျေးဇူးပြု၍ ထိုင်ပါ။ သီချင်းအရင်ဆိုချင်လား” ဟူ၍ သရ မှ ကျောင်းသား/သူများကို မေးလိုက်ပါသည်။ ကလေးများမှာလည်း ပျော်ရွှင်စွာဖြင့် “ဟုတ်ကဲ့၊ ဆရာမ” ဟူ၍ တုံ့ပြန်ဖြေကြားကြလေသည်။ သီချင်း တစ်ပုဒ်/နှစ်ပုဒ် သီဆိုပြီးချိန်တွင် သရ သည် သူမ၏ သင်ခန်းစာများကို စတင်သင်ကြားပါသည်။ “ဒီနေ့ကတော့ ဆရာမတို့ သားတို့/သမီးတို့ ကြီးပြင်းလာတဲ့အခါကျရင် ဘာဖြစ်ချင်လဲ ဆိုတဲ့အကြောင်းကို ပြောဆိုသွားကြရအောင်။ အဆင်ပြေလား ကလေးတို့ရေ” ဟူ၍ သရ မှ ချိုမြိန်သောအပြုံးဖြင့် မေးလိုက်ပါသည်။ ကလေးများမှလည်း တစ်ဦးထက်တစ်ဦး ပိုမိုကျယ်လောင်သော အသံများဖြင့် တစ်လေးတစ်စား “အဆင်ပြေပါတယ်၊ ဆရာမ” ဟူ၍ တုံ့ပြန်ဖြေဆိုကြလေသည်။ တောင်ယာလုပ်ကိုင်သောသူကနေ ဆရာမဖြစ်ချင်သောသူကတစ်မျိုး၊ သူနာပြုကနေ ဆရာဝန်ဖြစ်ချင်သူကတစ်ဖုံ ကလေးများ၏ အိမ်မက်နှင့် ရည်မှန်းချက်များသည် ကွဲပြားခြားနားကြပြီး စုံလင်လှပါသည်။ သရ ကလေးဘဝတုန်းကလဲ သူမတွင် သူနာပြုဖြစ်ချင်သော အိမ်မက်တစ်ခုရှိခဲ့ပါသည်။ သို့သော် သူမ၏ ကံကြမ္မာက သူမကို ကွဲပြားခြားနားသောလမ်းကြောင်းတွင် ဦးဆောင်လျှောက်လှမ်းစေခဲ့ပါသည်။
နေ့စဉ် ပုံမှန်ပြုလုပ်နေကြဖြစ်သော စာသင်ခြင်း၊ ပုံပြင်ဇာတ်လမ်းပြောပြခြင်းနှင့် သီချင်းဆိုခြင်းများကို     (၂) နာရီခန့် ပြုလုပ်ကြပြီးနောက် “သွားတော့မယ်…..ဆရာမ။ သွားတော့မယ်…သူငယ်ချင်းတို့” ဟူ၍ ကျောင်းသား/သူကလေးများသည် ရိုးရာဓလေ့ထုံးစံနဲ့အညီ နှုတ်ဆက်ပြောဆိုကြလေသည်။ ကလေးငယ်များထွက်ခွာသွားပြီးနောက် မြို့နယ်လူကြီးများ လိုက်ပါပို့ဆောင်ပေးသော ရန်ကုန်မှလာသည့် လူတစ်စုသည် ကျောင်းသို့ အလည်အပတ်ရောက်ရှိလာခဲ့ကြပါသည်။ ရောက်ရှိလာသောသူများထဲမှ အမျိုးသားတစ်ဦးသည် သရ ကိုချက်ချင်းမှတ်မိပြီး စတင်နှုတ်ဆက်စကားများပြောကြားလေသည်။ သရ သည်လည်း အပြုံးဖြင့် ပြန်လည်နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ သို့သော် ဤလူကို သရ မည်သည့် နေရာတွင် တွေ့ဆုံခဲ့ဖူးသည်ကို မမှတ်မိပေ။ သူမ၏ မျက်နှာအမူအရာကို ကြည့်၍ ထိုလူမှ “ မင်းရဲ့ Church ကျောင်း တာဝန်ထမ်းဆောင်တုန်း ၂၀၁၈ ခုနှစ် ရန်ကန်ရောက်တုန်းက ငါတို့ အလုပ်အတူတူ လုပ်ခဲ့ကြဖူးတယ်လေ။ ငါက WCS မှာ အလုပ်လုပ်နေတဲ့သူလေ။ မင်းမှတ်မိလား” ဟူ၍ မိမိတို့ မည်သည့် နေရာတွင် ပထမတစ်ကြိမ် တွေ့ဆုံခဲ့ဖူးသည်ကို ပြန်လည်ပြောပြပေးပြီး သတိရအောင် ပြုလုပ်ပေးပါသည်။

"-

ထိုအခါမှ သရ သည် ထိုလူကို ပြန်လည်မှတ်မိသွားလေသည်။ ထို့နောက် သူမသည် ထိုလူကို ရန်ကုန်မှ နှစ်ရက်ကြာအောင်လာရသော ဤလေရှီးမြို့ကို မည်သည့်ကိစ္စဖြင့် လာတာလဲ ဟူ၍  မေးမြန်းလိုက်ပါသည်။ ထိုအမျိုးသားမှ RECOFTCနှင့် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော WCS တို့သည် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော၊ REDD+နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သင်တန်းကို လာမည့်ဒီဇင်ဘာလထဲတွင် လေရှီးမြို့၌ ကျင်းပပြုလုပ်ရန် အစီအစဉ်ရှိကြောင်းနှင့် ဆက်လက်၍ ဤဒေသအတွင်းရှိ မိမိတို့နှင့် ပူးပေါင်း ဆောင်ရွက်ရန်အလားအလာရှိသော ဒေသခံမိတ်ဖက် အဖွဲ့အစည်းများကို ယခုနိုဝင်ဘာလ ၂၀၁၃ခုနှစ် တွင် ပြုလုပ်မည့် စီမံကိန်းကနဦးမိတ်ဆက်  အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ရှာဖွေဖိတ်ခေါ်ရန်လာခြင်းဖြစ်ကြောင်း ရှင်းပြပါသည်။
မကြာခင်မှာပင် သရ တို့ စာသင်ကျောင်းအနေဖြင့် အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်းကို လက်ခံလိုက်ပါသည်။ နှစ်ချင်းခရစ်ယာန်သာသနာပြုအသင်းတော်သင်းအုပ်ဆရာမှ သရ ကို နာဂလူမျိုးစုကိုယ်စားလှယ်အနေဖြင့် အစည်းအဝေးတက်ရောက်ရန် လွှတ်လိုက်ပါသည်။
အစည်းအဝေးကျင်းပပြုလုပ်သည့်နေ့တွင် သရ သည် အစည်းအဝေးခန်းမထဲရှိ ထိုင်ခုံတစ်ခုံတွင် ဝင်ထိုင်နေလိုက်ပါသည်။ ထို့နောက် မိမိသိသောသူများရှိမလား ဆိုပြီး ခန်းမထဲရှိ လူများကို ခြုံ၍ လိုက်ကြည့်လိုက်ပါသည်။ မိမိရင်းနှီးသော/ သိကျွမ်းသောသူများကို တွေ့ပါက ခေါင်းညိမ့်ပြခြင်း၊ လက်ဝေ့ယမ်းပြခြင်းများဖြင့် လိုက်လံနှုတ်ဆက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးစတင်သည်နှင့် သရ သည် မိမိတို့ ဒေသအတွင်းရှိ များပြားလှသော ပြဿနာများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် စီမံကိန်းမှ မည်သို့ဖြေရှင်းရန်လုပ်ဖို့ ရည်ရွယ်ထားကြောင်းကို နားထောင် လိုက်ရပါသည်။အစည်းအဝေးပြီးဆုံးသွားပြီးနောက်သူမနှင့်အခြားသော သင်တန်းတက်ရောက်သူများသည် အခက်အခဲများ၊ စိန်ခေါ်မှုများကို ပိုမိုနားလည်သဘောပေါက်သွားကြပါသည်။ သူမသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စများတွင် စိတ်ပါဝင်စားသောကြောင့်လာမည့်မြို့နယ်အ ဆင့်သင်တန်းတွင် ပူးပေါင်းပါဝင်တက်ရောက်ချင်စိတ် လှိုက်လှိုက်လှဲလှဲ ဖြစ်ပေါ်လာလေသည်။ 
မြို့နယ်အဆင့်သင်တန်းစတင်ပြုလုပ်သောနေ့တွင် သရ နှင့် အခြားတက်ရောက် လာသူ (၃၀) ဦးကို သင်တန်းစတင်ရန်စောင့်ဆိုင်းနေစဉ်အချိန်တွင် အေးမြသောနံနက်ခင်းက ကြိုဆိုပွေ့ဖက်လိုက်ပါသည်။ သူမသည် နွေးထွေးမှုရှိလာစေရန် ပူနွေးသော လက္ဘက်ရည် သောက်နေလိုက်သည်။ လက္ဘက်ရည် အနည်းငယ်သောက်ပြီးနောက် WCS မှ ပညာရေးနှင့် အသိပညာဖြန့်ဝေရေးတို့အတွက်  နည်းပညာဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါ်မြင့်မြင့်ဦးမှ နွေးထွေးစွာဖြင့် သင်တန်းကို စတင်ဖွင့်လှစ်မိတ်ဆက်ပြောကြားခဲ့ပါသည်။ ထို့နောက် ဒေါ်ခင်မိုးကြည် (သင်တန်းညှိနှိုင်းရေးမှူး၊ RECOFTC) မှ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော၊ REDD+နှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဆွေးနွေးမှုများကို ဦးဆောင်၍ ပံ့ပိုးကူညီ ပြုလုပ်ပေးသွားခဲ့ ပါသည်။
သင်တန်းတစ်ရက်ပြီးတစ်ရက်ပြီးသွားလေ သူမ၏ ဗဟုသုတကြွယ်ဝမှု၊ အဓိပ္ပာယ်ရှိသော၊ သင့်တင့်လျောက်ပတ်သော မေးခွန်းများကြောင့် သရ သည် ပို၍ပို၍ သင်တန်းသားများကြားတွင် လူသိများ လာပါသည်။ သင်တန်းတွင် သရ သည် ၎င်းတို့ ဒေသရှိ သစ်တောများနှင့် သဘာဝပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်စွာစီမံအုပ်ချုပ်နိုင်ရန် သူမ၏ အတွေ့အကြုံများ၊ အမြင်များကို နေ့စဉ်နေ့တိုင်း  ပါဝင်မျှဝေပေးပါသည်။ RECOFTC နှင့် WCS မှ အဖွဲ့သားများသည် အဖွဲ့လိုက်လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုများနှင့် အလုပ်ပြီးပြည့်စုံအောင် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်သော သူမ၏ ပင်ကိုယ်စွမ်းဆောင်ရည်များကို မျက်မြင်ကိုယ်တွေ့ သိရှိသွားခဲ့ပါသည်။ 
သင်တန်းတွင် ဆွေးနွေးသော အခက်အခဲ၊ ပြဿနာအကြောင်းအရာများသည် သူမ အတွက် အားလုံးအသစ်များဖြစ်နေခဲ့လေသည်။ သရ သည် သူမတို့ ဒေသတွင် ရင်ဆိုင်နေရသော ပြဿနာများ၊ စိန်ခေါ်မှုများသည် စီမံအုပ်ချုပ်မှု၊ တောင်ယာလုပ်ကိုင်ရန်နှင့် လောင်စာထင်းအတွက် သစ်ခုတ်ယူမှုကို မထိန်းချုပ်နိုင်မှု၊ သစ်တောမြေနယ်နိမိတ်နှင့် ကျေးရွာမြေနယ်နိမိတ် အငြင်းပွားမှုများနှင့် သက်ဆိုင်ကြောင်း နားလည်သဘောပေါက်လာသည်။ ယခုအခါတွင် သူမသည် ရာသီဥတု ပြောင်းလဲမှုကို လျော့ချရန်၊ သဘာဝပတ်ဝန်းကျင်အရည်အသွေးများ တိုးတက်ကောင်းမွန်လာစေရန်နှင့် မိမိတို့ဒေသအတွင်းရှိ ပြဿနာများ၊ စိန်ခေါ်မှုများကို ဖြေရှင်းရန် စသည့်တို့အတွက် သစ်တောကဏ္ဍ၏ အရေးပါပုံကို ရှင်းလင်းစွာ သိရှိလာရပါသည်။
ထိုနားလည်သဘောပေါက်မှုက သူမအတွက် သစ်တောနှင့်ပတ်သတ်၍ ကောင်းကျိုးဆိုးကျိုးများကို ပိုင်းခြားသိမြင်လာအောင် ပြုလုပ်ပေးခဲ့သည်။ ထို့ကြောင့် သူမ၏ မိတ်ဆွေရွာသူရွာသားများကို လောင်စာထင်းအတွက် သစ်ခုတ်ယူသုံးစွဲမှုကို တားမြစ်သင့်သည်ဆိုသည့်အတွေးကို တွေးမိလေသည်။ ထိုအတွေးကပင် သူမကို စိတ်မကောင်းဖြစ်စေလေသည်။ အဘယ်ကြောင့်ဆိုသော် ချက်ပြုတ်ရန်၊ ညအခါတွင် အလင်းရောင်ရရှိရန်နှင့် နွေးထွေးမှုရှိစေရန် ထင်းသည် အိမ်ထောင်စုတစ်စုစီတိုင်းအတွက် အရေးကြီးကြောင်းကို သူမ သိရှိနေသောကြောင့် ဖြစ်လေသည်။ သူမသည် သစ်တောများနှင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိစေရန် တောင်ယာကွက်ခုတ်ထွင်ခြင်းနှင့် တောင်ယာမီးရှို့ခြင်းကို တောင်ယာလုပ်သမားများ ရှောင်ကြဉ်လာပြီး နောင်မျိုးဆက်အထိ လက်ဆင့်ကမ်းကျင့်သုံးသွားနိုင်ရန် မည်သို့စည်းရုံးသိမ်းသွင်းသွားရမလဲ ဟူ၍ တွေးတောနေမိပါသည်။
သင်တန်းပြီးဆုံးသွားသည့်အခါတွင် WCS မှ ဒေါ်မြင့်မြင့်ဦးက “သရ၊ ငါတို့ရဲ့ ကျေးရွာအဆင့်သင်တန်းနှင့် အသိပညာဖြန့်ဝေပေးသော လုပ်ဆောင်မှုတွေမှာ ပါဝင်ချင်သလား။ နင်က ငါတို့ကို အထင်ကြီးစေသလို၊ ငါတို့ကလည်း နင်ဟာ အဖွဲ့အတွက် ကောင်းမွန်သော အဖွဲ့သားတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ကြတယ်” ဟူ၍ မေးမြန်းပြောဆိုခဲ့ပါသည်။ သရ သည် ပါဝင်ရမလား၊ မပါဝင်ရဘူးလား ဆိုပြီး စိတ်နှစ်ခွ ဖြစ်နေလေသည်။ စိတ်နှစ်ခွဖြစ်နေသော်ငြားလည်း သူမ၏ ဒေသကို ပိုမိုကောင်းမွန် ဖွံ့ဖြိုးတိုးတက်စေချင်သည့် ဆန္ဒကြောင့် နောက်ဆုံးတွင် သရ သည် နောက်လုပ်ဆောင်မည့် လှုပ်ရှားမှုများတွင် ချိတ်ဆက်ပါဝင်ဆောင်ရွက်ရန် သဘောတူခဲ့ပါသည်။
၂၀၁၃ ခုနှစ်တွင် သရ သည် WCS မှ ဦးဆောင်ပြုလုပ်သော ကျေးရွာအဆင့်သင်တန်းအစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သောကြောင့် သူမ၏ အချိန်ဇယားသည် မအားမလပ်နိုင်အောင် ဖြစ်နေပါသည်။ ထို့ပြင် သူမ၏ Church တာဝန်များ၊ ကျောင်းတွင် စာသင်ကြားရမည့်တာဝန်ဝတ္တရားများသည်လည်း ရှိနေပါသေး သည်။ ထို့ကြောင့် အချိန်အများစုတွင် သူမသည် ကျေးရွာအဆင့်သင်တန်းများတွင် ပါဝင် မဆောင်ရွက်နိုင်ကြောင်း WCS ကို တောင်းပန်ရပါသည် အဘယ်ကြောင့်ဆိုသော် သူမ၏ တပည့်များနှင့် Church တာဝန်များကို လေးလံစွာ သူမ၏ နှလုံးသားတွင် ထမ်းရွက်ထားရသောကြောင့် ဖြစ်ပါသည်။ WCS သည် သူမ၏ အခြားတာဝန်ယူထားရသော အလုပ်များနှင့် အခြေအနေများကို ကြည့်၍ နားလည်ပေးပါ သည်။ ထို့ပြင် သူမ ပုံမှန်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့စဉ်က ဒေသခံများကို ဘာသာရေး၊ လူမှုရေးဆိုင်ရာ ဗဟုသုတများ မျှဝေပေးခဲ့သည်များကိုလည်း စီမံကိန်းကအသိအမှတ်ပြုနေပါသည်။ စိမံကိန်းအဖွဲ့များသည် သူမကို နောက်နှစ်မွမ်းမံသင်တန်းအတွက် ဖိတ်ခေါ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ထိုသင်တန်းသည် လက်တွေ့လုပ်ငန်းနယ်ပယ်တွင်ဒေသခံများအသိပညာပိုမိုပြန့်ပွားလာအောင် ထပ်ဆင့်သင်တန်းပေးနိုင်ရန် သင်တန်းသား ဟောင်းများကို လေ့ကျင့်သင်ကြားပေးသော သင်တန်းဖြစ်ပါသည်။

"-နောက်နှစ်ဖြစ်သော ၂၀၁၅ ခုနှစ်ရဲ့ ချစ်ချစ်တောက်ပူပြင်းသော လေရှီးမြို့နွေရာသီသည် WCS နှင့် RECOFTC အဖွဲ့သားများကို ကြိုဆိုနေသည်။ မွမ်းမံသင်တန်းအတွက် လေ့ကျင့်သင်ကြားပေးမည့်သူများအားလုံး ရောက်ရှိနေပြီ ဖြစ်သည်။ သရ အပါအဝင် များစွာသော သင်တန်းသားဟောင်းများသည်လည်း ၎င်းတို့၏ ထိုင်ခုံများတွင် နေရာယူနေကြပါပြီ။ သင်တန်းဖွင့်အခမ်းအနားစတင်ပြီးနောက် လေ့ကျင့်သင်ကြားပေးသူသည် REDD+၊ ရာသီဥတုပြောင်းလဲခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောနှင့်သက်ဆိုင်သော အကြောင်းအရာများနှင့် ဤအကြောင်းအရာများကို ကျေးရွာအဆင့် အသိပညာဖြန့်ဝေရာတွင် ဒေသခံရွာသူ/သားများကို မည်သို့ ပံ့ပိုးကူညီ ပို့ချသွားရမည် ဆိုသည်များကို စတင်ရှင်းလင်းပြောကြားမျှဝေပေးခဲ့ပါသည်။
မွမ်းမံသင်တန်းသည် အခက်အခဲတစ်စုံတစ်ရာမရှိပဲ အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။
သင်တန်းပြီးဆုံးသွားပြီးနောက် တက်ရောက်လာသူများကို အသိပညာမြှင့်တင်ပေးခြင်းလှုပ်ရှားမှုများကို လက်တွေ့ပြုလုပ်ရန် အုပ်စု (၅) ခုဖွဲ့၍ ဆောင်ရွက်စေပါသည်။ သရ သည် အမျိုးသား (၁) ဦး၊ အမျိုးသမီး (၁) ဦးပါဝင်သော အုပ်စုတစ်ခုကို ဦးဆောင်၍ လေရှီးမြို့နယ်အတွင်းရှိ ကျေးရွာ (၃) ရွာတွင် အသိပညာမြှင့်ပေးခြင်းလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ပါသည်။
ပထမကျေးရွာဖြစ်သော ဘီနီဂိုကျေးရွာတွင် သူမတို့အုပ်စုသည် အခက်အခဲအချို့နှင့်တွေ့ကြုံခဲ့ရပါသည်။ “ငါတို့ကို လာရောက်အသိပညာတိုးတက်အောင် ပြောဆိုမျှဝေပေးတဲ့အတွက် မင်းတို့ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ရာသီဥတုပြောင်းလဲမှု၊ REDD+ဆိုတာတွေက ငါတို့ရဲ့ ယခု ရင်ဆိုင်နေရတဲ့အခက်အခဲမဟုတ်ဘူး။ ငါတို့က လက်တွေ့အသုံးကျချလို့ရမဲ့ အသက်မွေးဝမ်းကြောင်းကိစ္စရပ်တွေပဲ လိုအပ်တယ်” ဟူ၍ ရွာသားတစ်ဦးမှ ထပြောပါသည်။ “ငါတို့က လောင်စာထင်းနဲ့ စိုက်ပျိုးရေးအတွက် သစ်ပင်ခုတ်တာကို ရပ်လိုက်ရမယ်ဆိုလျှင် မင်းတို့က တခြားဘာအခွင့်အလမ်းတွေ ငါတို့ကို ပေးမှာလဲ” ဟူ၍လည်း နောက်ရွာသားတစ်ဦးမှ ထပြောဆိုပါသည်။
ထိုတဒင်္ဂအချိန်တွင် သရ ၏ မျက်လုံးထဲ၌ စိုးရိမ်ပူပန်မှုများ ထင်ဟပ်လာပါသည်။ ရွာသားများသည် သူမ၏ အဖြေကို စောင့်စားနေကြပါသည်။ ဤကိစ္စသည် သူမကို ဆွံအနေစေသော်လည်း သူမသည် အလျင်အမြန်စဉ်းစားတွေးတော၍ တည်ငြိမ်စွာဖြင့် ပြန်လည်ဖြေကြားလိုက်ပါသည် “ ဤအခက်အခဲကို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ယခုချက်ချင်း တိကျသောအဖြေပြန်ပေးရန် မရှိသော်လည်း ဦးလေးတို့ အကိုတို့ရဲ့ အခက်အခဲနှင့် စိုးရိမ်ပူပန်မှုများကို WCS နှင့် RECOFTC အဖွဲ့တို့၏ ခေါင်းဆောင်တွေ သိရှိစေရန် ပြန်လည်ပြောဆိုပေးပါမယ်၊ ကျွန်မ အခိုင်အမာကတိပေးပါတယ်”။ သူမ၏ အဖြေသည် လျင်မြန်တိုတုတ်သော်လည်း တည်ငြိမ်စွာ တုံ့ပြန်ဖြေကြားမှုသည် သူမတို့အဖွဲ့ကို ကယ်တင်လိုက်ခြင်းပင်ဖြစ်ပါသည်။
နောက်ကျေးရွာ (၂) ရွာသည်လည်း တူညီသောအခက်အခဲ၊ စိုးရိမ်ပူပန်မှုများကို တင်ပြပြောဆို ကြသော်လည်း ထိုအချိန်တွင် သူမတို့သည် ဤကိစ္စရပ်အတွက် အခက်အခဲမရှိ ဖြေရှင်းပြောဆိုနိုင်နေပြီ ဖြစ်ပါသည်။
ကျေးရွာအဆင့် အသိပညာဖြန့်ဝေပေးခြင်းလှုပ်ရှားမှုများ ဆောင်ရွက်ပြီးသောအခါ ဒေါ်မြင့်မြင့်ဦးသည် အုပ်စုခေါင်းဆောင်များနှင့် အစည်းအဝေးပြုလုပ်ပါသည်။ သရ သည် သူမတို့သွားရောက်ဆောင်ရွက်ခဲ့သော ကျေးရွာများမှ သိရှိခဲ့ရသော အခက်အခဲများ၊ စိုးရိမ်ပူပန်မှုများကို အစည်းအဝေးတွင် ပြန်လည်မျှဝေပြောဆိုပါသည်။ အခြားကျေးရွာများမှလည်း သရ တင်ပြခဲ့သော ကိစ္စရပ်နှင့် တူညီသောအခက်အခဲများကို တင်ပြကြပါသည်။ ဒေါ်မြင့်မြင့်ဦးသည် အုပ်စုခေါင်းဆောင်များတင်ပြခဲ့သော အခက်အခဲများ၊ စိုးရပ်ပူပန်မှုများကို ပြန်လည်အနှစ်ချုပ်ပြောဆိုပြီး ဤအခက်အခဲများ၊ စိုးရိမ်ပူပန်မှုများကို မြို့နယ်အဆင့်နှင့် အမျိုးသားအဆင့်ဆွေးနွေးညှိနှိုင်းမှု အစည်းအဝေးတွင် တင်ပြဆွေးနွေးရန်အတွက် ၎င်းတို့ကို တက်ရောက်ရန် ဖိတ်ကြား၍ အစည်းအဝေးကို ရပ်တန့်ခဲ့ပါသည်။
ခန်းတီးမြို့နယ်တွင် ပြုလုပ်သော မြို့နယ်အဆင့် ဆွေးနွေးညှိနှိုင်းမှုအစည်းအဝေးတွင်လည်း သရ သည် ကျေးရွာအဆင့် အသိပညာဖြန့်ဝေပေးခြင်းလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့စဉ်ကာလအတွင်း၌ သူမတို့အဖွဲ့မှ ရရှိခဲ့သော အတွေ့အကြုံများကို စိတ်အားထက်သန်စွာ တင်ပြဆွေးနွေးခြင်းဖြင့် လူအများ၏ စိတ်ပါဝင်စားမှုနှင့် လေးစားအားကျမှုကို ထပ်မံခံခဲ့ရပါသည်။ ထို့နောက် သူမသည် ထပ်မံ၍ နေပြည်တော်တွင် ကျင်းပပြုလုပ်သော အမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းမှု အစည်းအဝေးတွင်လည်း  ရာသီဥတုပြောင်းလဲခြင်း၊ REDD+၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောဆိုင်ရာ  ဗဟုသုတတိုးပွားလာမှုနှင့် အတွေ့အကြုံများကို ပြန်လည်မျှဝေပေးပြီး တက်ကြွစွာပူးပေါင်းပါ ဝင်ဆောင်ရွက်မှုများသည် နာဂလူမျိုးကိုယ်စားပြုတစ်ဦးအဖြစ် ထိုက်တန်ကြောင်းကို ပြသနေပါသည်။
သရ သည် ကျေးရွာသူ/သားများ၏ စိုးရိမ်ပူပန်မှုများကို သက်ဆိုင်ရာတာဝန်ရှိသူများ သိရှိအောင် တင်ပြပြောဆိုပေးမည်ဆိုသော သူမ၏ ကတိအတိုင်း ပြုလုပ်ပေးနိုင်ခဲ့သည့်အတွက် စိတ်ကျေနပ်မှုကို ခံစားခဲ့ရပါသည်။ သူမ၏ ကျောင်းသူ၊သားများနှင့် ပြန်လည်တွေ့ဆုံရန်နှင့် Church တာဝန်များကို ဆက်လက် ထမ်းဆောင်ရန် စိတ်ပျော်ရွှင်စွာဖြင့် လေရှီးမြို့သို့ ပြန်လာခဲ့ပါသည်။ သို့သော် သူမသည် လေရှီးမြို့တွင် တပည့်များနှင့် ရက်အနည်းငယ်သာ ပြန်လည်နေထိုင်ခဲ့ရပါသည်။
ပူပြင်းခြောက်သွေ့သော နွေရာသီမှ မိုးတဖြောက်ဖြောက်ရွာသော မိုးရာသီသို့ ကူးပြောင်းသော အချိန်ကာလတွင် သရ သည်  ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် ဒေသတွင်း အကြိုကမ္ဘာ့သစ်တောညီလာခံကို တက်ရောက်ရန် WCS နှင့် RECOFTC မှ ဖိတ်ကြားခြင်းကို လက်ခံရရှိ ခဲ့ပါသည်။ မိမိဒေသတွင်း သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ဆန္ဒအလျောက် တက်ကြွစွာ ပါဝင် ဆောင်ရွက်ပေးခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကိုဦးတည်ဆောင်ရွက်နေသော အဖွဲ့အစည်းများ၊         မူဝါဒပိုင်းဆိုင်ရာ စီမံလုပ်ကိုင်ခွင့်ရှိသူများထံသို့ ၎င်းတို့ဒေသအခြေအနေများကို စိတ်အားထက်သန်စွာဖြင့် တင်ပြဆွေးနွေးပေးပြီး သစ်တောမှီခိုနေထိုင်နေကြရသော ဒေသခံပြည်သူများအတွက် အထောက်အပံ့ ရရှိအောင် ကူညီဆောင်ရွက်ပေးမှုများကြောင့် စီမံကိန်းအဖွဲ့မှနေ၍ သရ ကို ထိုညီလာခံကို တက်ရောက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်လေသည်။
သူမသည် စိတ်လှုပ်ရှားနေမှုအပြင် တစ်ချိန်တည်းမှာပင် မိမိနိုင်ငံနှင့် လူမျိုးအတွက် ကောင်းသော အခွင့်အလမ်းများ ပိုမိုရရှိလာအောင် ကြီးမားသော တာဝန်ဝတ္တရားနှင့်အတူ ကိုယ်စားပြုပြီး သွားရမည် ဖြစ်သောကြောင့် စိတ်လေးလံမှုကိုပါ ခံစားနေရပါသည်။ ကြိုတင်ပြင်ဆင်စရာကိစ္စများအတွက် အစည်းအဝေးများပြုလုပ်၍ ပြင်ဆင်ပြီးနောက် သူမသည် သုံးရက်ကြာမြင့်မည့် ထိုင်းနိုင်ငံ၊ ဘန်ကောက်ခရီးစဉ်ကို စတင်ရန် လေရှီးမြို့မှ မိုးရွာနေသော နေ့တစ်နေ့တွင် ထွက်ခွာလာခဲ့ပါသည်။
ရှည်လျားသောခရီးစဉ်များကို ဖြတ်သန်းလာခဲ့ပြီးနောက် နောက်ဆုံးတွင် သူမသည် ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့လေသည်။ ဤအစည်းအဝေးတွင် ဒေသခံပြည်သူများ သစ်တောနှင့်ပတ်သတ်၍ အဓိကရင်ဆိုင်နေရသော ဦးစားပေးအခက်အခဲများကိုခွဲခြား၍ နိုဝင်ဘာလ ၂၀၁၅ ခုနှစ်တွင် တောင်အာဖရိက၊ ဒါဗန်မြို့၌ ကျင်းပပြုလုပ်မည့် ကမ္ဘာတစ်ဝန်းလုံးရှိ သစ်တောနှင့် ဆက်စပ်ပတ်သောအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ အားလုံး တက်ရောက်ဆွေးနွေးကြမည့် အထင်ရှားဆုံးနှင့် အကြီးမားဆုံးသော ၁၄ ကြိမ်မြောက် ကမ္ဘာ့သစ်တောညီလာခံတွင် တင်ပြဆွေးနွေးရန် ကြိုတင်ပြင်ဆင်ရန် စီစဉ်ထားခြင်း ဖြစ်ပါသည်။
အစည်းအဝေးစတင်သည့်နေ့တွင် သရ သည် မြန်မာနိုင်ငံမှ တက်ရောက်လာသော အခြားသူများနှင့် ပေါင်းစပ်၍ မြန်မာအဖွဲ့အနေဖြင့် သူမ လေရှီးမြို့တွင် အသိပညာဖြန့်ဝေပေးခြင်းလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့စဉ်က လေ့လာခဲ့ရသော အတွေ့အကြုံများကို မိမိကိုယ်ကို ယုံကြည်မှုရှိစွာဖြင့် သရုပ်ပြဝင်ရောက်ဆွေးနွေးခဲ့ပါသည်။
မျက်နှာစုံညီစကားဝိုင်းဆွေးနွေးပွဲတွင် သရ သည် ဘာ့ကြောင့်ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီး ပူနွေးလာမှု ဖြစ်ပေါ်လာရသည်ဆိုသည့် အကြောင်းအရာများနှင့် သူမတို့ နာဂဒေသတွင် ခံစားနေရသော ၎င်းအကျိုးဆက်များကို မျှဝေဆွေးနွေးခဲ့ပါသည်။ သူမသည် အစည်းအဝေးတက်ရောက်လာသူအားလုံးအား ဒေသခံများကိုယ်တိုင် ပြုလုပ်သော ဒေသထွက်ကုန်ပစ္စည်းများအတွက် ဈေးကွက်ရှာဖွေရာတွင် တက်ကြွစွာ အတူတကွ ပူးပေါင်းပါဝင်လုပ်ဆောင်ကြရန် စိတ်အားထက်သန်စွာ တိုက်တွန်းနေပါသည်။ 
RECOFTC အဖွဲ့မှ ၎င်းအစီအစဉ်ဦးဆောင်သူသည် တောင်အာဖရိကတွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့သစ်တောညီလာခံကို တက်ရောက်ရမည့်သူများကို အဆိုပြုရွေးချယ်မည် ဟုပြော၍ အစည်းအဝေးနောက်ဆုံးနေ့အစည်းအဝေးကို စတင်ဖွင့်လှစ်လိုက်ပါသည်။ တက်ရောက်ရမည့် အဆိုပြုသည့်လူစာရင်းထဲတွင် သရ နှင့် တက်ရောက် လာသူများထဲမှ (၁၇) ဦး ရွေးချယ်ခံရပါသည်။ ရွေးချယ်ခံရသည့်အတွက် သရ သည် ဝင့်ကြွားမှုမရှိသော်ငြားလည်း စိတ်ထဲမှာတော့ သူမပျော်မြူးနေသည်။ သို့သော် အစီအစဉ်ဦးဆောင်သူ မှနေ၍ အဆိုပြုခံရသည့်သူများသည် သစ်တော၊ ရာသီဥတုပြောင်းလဲခြင်းတို့နှင့် ပတ်သက်၍ လိုရင်းတိုရှင်းမိန့်ခွန်းတစ်ခု ပြောဆိုရန် လိုအပ်သည်ဟု ကြေညာလိုက်သည်နှင့်တစ်ပြိုင်တည်း သရ သည် ရင်ခုန်စိတ်လှုပ်ရှားနေလေသည်။ သူမပြောဆိုရမည့် အလှည့်သို့ရောက်သောအခါ သရ သည် တိုတိုတုပ်တုပ်နှင့် ထိရောက်မှုရှိသော မိန့်ခွန်းတစ်ခုပြောဆိုသည်-
“ရာသီဥတုပြောင်းလဲခြင်းဟာ ကျွန်ုပ်တို့ရဲ့ ရှင်သန်နေထိုင်စားသောက်မှုကို ပိုမိုခက်ခဲအောင် ပြုလုပ်နေတဲ့အတွက် ဒေသခံတွေဟာ  သစ်တောတွေကို ကာကွယ်ထိန်းသိမ်းချင်နေကြတယ်။ ဒါပေမဲ့ ထိရောက်စွာ လုပ်ကိုင်နိုင်ရန် ကျွန်ုပ်တို့မှာ အရင်းအနှီးလိုအပ်တယ်။ ကျွန်ုပ်တို့ဆီမှာ ရင်းနှီးမြှုပ်နှံကြပါ။ ဒေသခံပြည်သူတွေစီမှာ ရင်းနှီးမြှုပ်နှံကြပါ” ဟူ၍ တည်တည်ငြိမ်ငြိမ်ဖြင့် အဓိပ္ပာယ်ပြည့်ဝသော မိန့်ခွန်းတိုကို ပြောဆိုခဲ့ရာ အစည်းအဝေးခန်းမတစ်ခုလုံးလည်း လက်ခုတ်သံများဖြင့် ပြည့်လျှံသွားခဲ့ရပါသည်။
ဒေသတွင်း အကြိုကမ္ဘာ့သစ်တောညီလာခံအစည်းအဝေး ကျင်းပပြုလုပ်သွားပြီးနောက် တောင်အာဖရိက၊ ဒါဗန်မြို့တွင် ပြုလုပ်မည့် ကမ္ဘာ့သစ်တောညီလာခံသို့ တက်ရောက်ရန် ဒေသကိုယ်စားလှယ်အဖြစ်        (၄) ဦး ရွေးချယ်ခံခဲ့ရာမှ သရ သည်လည်းတစ်ယောက်အပါဖြစ်ပါသည်။
သူမသည် လေရှီးမြို့ရှိ သူမ၏နေအိမ်ဆီသို့ နွေးထွေးပျော်ရွှင်စွာဖြင့် ပြန်လာခဲ့ပါသည်။ “မင်းအတွက် ငါတို့ ဂုဏ်ယူတယ်၊ သရ” ဟူ၍ သူမ၏ သင်းအုပ်ဆရာမှ ပြောဆိုပါသည်။ “ မင်းအောင်မြင်တိုးတက်မှုတွေက တကယ်ကိုအံ့သြစရာကောင်းတယ်၊ ဆက်လက်ပြီး မင်းလူမျိုးတွေ မင်းအတွက် ဂုဏ်ယူရအောင် ကျွန်ုပ်တို့ဒေသခံနာဂလူမျိုးတွေရဲ့ ခံစားချက်စကားသံတွေကို နိုင်ငံတကာကလူတွေ သဘောပေါက်နားလည်အောင် ပြောဆိုပေးပါ” ဟု မှာကြားခဲ့ပါသည်။ သရ သည် သူမ၏ မိသားစုနှင့် ဒေသခံများ၏ အားပေးထောက်ပံ့မှုများကြောင့် အလွန့်အလွန် ကြည်နူးအားတက်ခဲ့ရပါသည်။
ညီလာခံအတွက် ကြိုတင်ပြင်ဆင်ထားရမည့်ကိစ္စရပ်များအတွက် အစည်းအဝေးများ ပြုလုပ်ပြီးနောက် သရ သည် လေရှီးမြို့မှ ကျေးရွာခေါင်းဆောင်များ၏ အားပေးမှုများနှင့်အတူ ငါးရက်ကြာမြင့်မည့် တောင်အာဖရိကခရီးစဉ်ကို စတင်ထွက်ခွာလာပါသည်။ ဤခရီးစဉ်သည် ရှည်လျား၍ ပင်ပန်းသော်လည်း သူမ သည် တောင်အာဖရိက၊ ဗန်ဒါမြို့သို့ ရောက်ရှိလာခဲ့လေသည်။
ညီလာခံ ဒုတိယရက်တွင် သရ မျော်လင့်စောင့်စားနေသည့် အချိန်ကို  ရောက်ရှိလာပါသည်။ စင်မြင့်ပေါ်တွင် သူမ တက်ရောက်ပြောဆိုရမည်အလှည့်ကို စောင့်နေစဉ်အတွင်း စိတ်လှုပ်ရှားမှုကို ခံစားနေရပါသည်။ သို့သော် သင်တန်းများ၊ အစည်းအဝေးများမှ ရရှိထားသော ဗဟုသုတများပေါ်မူတည်၍ သူမသည် မိမိကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိပါသည်။ ညီလာခံဦးဆောင်သူ မှ မိတ်ဆက်စကားအနည်းငယ် ပြောဆိုပေးပြီးနောက် သူမ၏ နာမည်ကို တင်ပြရင်း သရတင်ပြရန် အလှည့်ရောက်ကြာင်း ကြေညာလိုက်ပါသည်။
မြန်မာနိုင်ငံအတွင်းရှိ သွားလာဆက်သွယ်ရခက်ခဲသော ဒေသများတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်သတ်၍ အသိပညာများမြှင့်တက်လာအောင် မည်သည့်အရာများပြုလုပ်ပေးရန်လိုအပ်ကြောင်း၊ ဒေသခံများသည် သစ်တောစီမံအုပ်ချုပ်ခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းတို့နှင့်ပတ်သတ်၍ ဘယ်လို စိုးရိမ်ပူပန်မှုများရှိကြောင်း၊ အဘယ့်ကြောင့် သစ်တောအုပ်ချုပ်လုပ်ကိုင်မှုတွင် ပူးပေါင်းပါဝင်သောနည်းလမ်းဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားရန်လိုအပ်ကြောင်း စသည်တို့ကို အနည်းငယ်စိတ်လှုပ်ရှားနေသော်လည်း ကောင်းမွန်စွာကြိုတင်ပြင်ဆင်သည့်အတွက် နိုင်ငံတကာမှ တက်ရောက်နားထောင်နေသူများကို အောင်မြင်စွာတင်ပြဆွေးနွေး သွားနိုင်ခဲ့ပါသည်။ 

နိဂုံချုပ်စကားအနေဖြင့် “အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၊ စီးပွားရေးအခြေအနေများ ဖွံ့ဖြိုးတိုးတက်လာရန်နှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရံပုံငွေများ နဲ့ အရင်းအမြစ်များဖြင့် ကျွန်မဆီမှာ လာရောက်ရင်းနှီးမြှုပ်နှံကြပါ။ ကျွန်မဟာ ခန်းတီး သစ်တောဖြစ်ပါတယ်” ဟု လေးလေးနက်နက်ပြောဆို၍ သူမ၏ တင်ပြပြောဆိုခြင်းကို အဆုံးသတ်ခဲ့ပါသည်။
သရ ရရှိသည့်အတွေ့အကြုံသည် နိုင်ငံတကာမှတက်ရောက်သူများရှေ့စင်မြင့်ပေါ်တွင် တင်ပြချက်ကို အောင်မြင်စွာပြီးမြောက်နိုင်ခဲ့သည် နှင့် တက်ရောက်လာသူများက အမျိုးသမီးခေါင်းဆောင် တစ်ဦးအဖြစ် သတ်မှတ်ခဲ့ခြင်းပဲဖြစ်ပါသည်။ သို့သော် သူမဒေသအတွက် သူမ၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် သူမသည် ထောက်ပံ့မှုများနှင့် အရင်းအမြစ်များကို လိုအပ်နေဆဲဖြစ်ပါသည်။ သူမနေရပ်ဒေသပြန်ရောက်သည့်အချိန်မှာပင် ဒေသခံတို့၏ “အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအတွက် အခြားသောအခွင့်အလမ်းများ” ဆိုသည့်မေးခွန်းသည သရ ၏ စိတ်ထဲမှာ ကျန်ရစ်နေဆဲဖြစ်ပြီး   ကျေးရွာများမှ ကြွေးကြော်နေကြသည့် လက်တွေ့ကျသော အသက်မွေးမှုစွမ်းဆောင်ရည်များ အတွက် သူမဖိတ်ခေါ်မှုများကို ဆက်လက် ဖြေရှင်းရန်ကျန်ရှိနေဆဲဖြစ်ပါသည်။